August 24, 2008

တောင်ငူမုန့်ဟင်းခါး

များသောအားဖြင့် comment တွေကို ကျမ တတ်နိုင်သလောက် ပြန်ဖြေပေးလေ့ ရှိပါတယ်။ ဒီ Blog မှာက Cbox လည်းမရှိတဲ့အတွက် ကိုယ့်ရဲ့ Blog ကို လာလည်သူတွေနဲ့ ရင်းနှီးခွင့်ရတာ comment တွေကြောင့်ပါ။ တခါတလေ အလုပ်အရမ်းရှုတ်နေတဲ့ အချိန်မျိုးဆိုရင်တော့ ပြန်မဖြေဖြစ်ပါဘူး။ အဲဒါဆိုရင် စာလာဖတ်သူတွေအနေနဲ့ မေးထားတာလည်း မဖြေဘူးလို့ ထင်ကြမှာပဲ။ အရင်တုန်းကဆို ကျမ Blog မှာ Recent Comment ဆိုတာ မထည့်ထားမိတော့ ပို့စ်အဟောင်းတွေကို comment ပေးခဲ့ရင် ကျမ မသိပါဘူး။ အတော်လေး နောက်ကျပြီးမှ comment ပေးသွားပါလား ဆိုပြီး သိလိုက်ရတာမျိုးပါ။ အခုတလောတော့ စာလာဖတ်သူတွေရဲ့ comment လေးတွေကတဆင့် နောက်ထပ် ပို့စ်အသစ်တွေကို ထပ်ပြီး ရေးလို့ရနေတော့ Blog မှာ ဘာရေးရင် ကောင်းမလဲဆိုတာ သိပ်စဉ်းစားမနေတော့ပါဘူး။ အဲဒါကြောင့် အရင်ပို့စ်တွေမှာရော၊ ပို့စ်အဟောင်းမှာပါ မေးထားတဲ့ တောင်ငူမုန့်ဟင်းခါး ချက်နည်းလေး တင်ပေးပါ့မယ်။ (မထူးပါဘူး ဆားချက်တယ်လို့ပဲ ၀န်ခံလိုက်ပါတော့မယ်.. :D)


*****


ကျမက မုန့်ဟင်းခါးဆို အရမ်းကြိုက်ပါတယ်။ ၂ ရက် ၃ ရက် ဆက်တိုက် စားဆိုလည်း စားနိုင်တယ်။ အဲဒါ အဖေတူတယ်လို့ပြောလို့ရတယ်။ ဘာလို့လည်းဆိုတော့ ကျမအဖေလည်း မုန့်ဟင်းခါး အရမ်းကြိုက်တာကိုး။ မုန့်ဟင်းခါးစားလို့ အဖေနဲ့ ကျမ မတူတာ တခုပဲရှိတယ်။ အဖေက နံနံပင်ပါရင် မစားဘူး။ ကျမက နံနံပင်ပါမှစားတယ်။ ဒါပေမယ့် အဖေက တရုတ်နံနံပင်တော့ ကြိုက်တယ်။ ကျမက လုံးဝ အနံ့ခံလို့မရဘူး။ သားအဖ ၂ ယောက် စကားနိုင်လုပြီဆိုရင် “ပါပါး တရုတ် နံနံပင်ကလည်း နံလိုက်တာ။ သမီးတော့ အနံ့ခံလို့ မရဘူး”လို့ပြောလိုက်ရင် အဖေကလည်း “ဟင်.. နင့်ရဲ့ ဗမာနံနံပင်လည်း ငါ အနံ့မခံနိုင်ဘူး နံတယ်”ဆိုပြီး စကားကပ်ပြောတာ သတိရမိသေးတော့တယ်။ ကျမ ရန်ကုန်မှာ အလုပ်လုပ်တဲ့အချိန်ကတော့ ရုံးအတူသွားမယ့် သူငယ်ချင်းအိမ်ကို မနက်တိုင်း အဖေက လိုက်ပို့ပေးပါတယ်။ အဲဒီလို လိုက်ပို့ပေးရင် လမ်းမှာ တွေ့သမျှ မုန့်ဟင်းခါးဆိုင်တွေကိုမှတ်ထားပြီး တနေ့ တစ်ဆိုင် စမ်းပြီး စားကြည့်ပါတယ်။ အမေကတော့ ကျမတို့ သားအဖကို “သူတို့မို့ မမုန်းတဲ့အတိုင်းပဲ နေ့တိုင်း မုန့်ဟင်းခါး စားနိုင်တယ်”ဆိုပြီး ကောင်းချီးပေးတယ်။ အမေပြောလည်း ပြောချင်စရာပါ။ ပိတ်ရက်ဆိုရင်လည်း ပိတ်ရက်မို့ အိမ်နားက ဆိုင်မှာ ၀ယ်စားတယ်။ ရုံးဖွင့်ရက်ဆိုရင်လည်း တပတ်ကို ၂ ခါ ၃ ခါလောက် အပြင်က ဆိုင်မှာ ၀ယ်စားတတ်ပြီး အိမ်မှာလည်း မကြာမကြာ ချက်စားတတ်သေးတာဆိုတော့ အမေပြောတာလည်း မလွန်ဘူးပေါ့။


မုန့်ဟင်းခါးဆိုရင် မြောင်းမြဒေါ်ချို၊ တင်တင်အေး၊ မြေနီကုန်းက စိန်ဥ မုန့်ဟင်းခါး၊ လမ်းဘေးက နာမည်မကြီးတဲ့ မုန့်ဟင်းခါး၊ ရုံးနားက မုန့်ဟင်းခါး စတဲ့ ဘယ်လိုဆိုင်မျိုး မဆို စားလို့ရပါတယ်။ မကြိုက်ဘူး ဆိုတာမရှိဘူး။ အခုထိလည်း ဟင်းချက်ရတာပျင်းရင် မုန့်ဟင်းခါးဖြစ်ဖြစ်၊ အုန်းနို့ ခေါက်ဆွဲဖြစ်ဖြစ် ၁ အိုး ချက်ထား လိုက်တယ်။ အဲဒီလို ချက်ထားပြီးရင် စားခါနီးမှ ခေါက်ဆွဲ၊မုန့်ဖတ် ပြုတ်ပြီး ရုံးသွားလည်း ထည့်သွားတယ်။ ပြန်လာလည်း ခပ်မြန်မြန် ခူးခပ်ပြီး စားလိုက်တယ်။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး မကုန်မချင်းကို နွှေးစားနေတော့တာပဲ။ အဲဒီလောက် မုန့်ဟင်းခါး ကြိုက်ပါတယ်။


*****


ကျမ အမျိုးသားက တောင်ငူဇာတိပါ။ သူနဲ့ ရည်းစားဖြစ်တော့ ကျမ မုန့်ဟင်းခါး ကြိုက်ပုံမျိုးကို သူအတော်လေး အံ့သြတယ်။ ဒါနဲ့ ကျမကို “တောင်ငူမုန့်ဟင်းခါးရော စားဖူးလား” လို့မေးပါတယ်။ ကျမကလည်း တောင်ငူမုန့်ဟင်းခါး စားဖူးဖို့ နေနေသာသာရယ် တောင်ငူတောင် မရောက်ဖူးဘူးလို့ပြောလိုက်တယ်။ အဲဒီတော့ တောင်ငူသားက တောင်ငူမုန့်ဟင်းခါးအကြောင်းကို ကြွားလုံးထုတ်တော့တာပဲ။ တောင်ငူဈေးကြီးထဲမှာရှိတဲ့ မုန့်ဟင်းခါးက အရမ်းစားလို့ကောင်းကြောင်း၊ တောင်ငူမုန့်ဟင်းခါးက မုန့်ဟင်းခါးအဖတ် ကို ဆီချက်နိုင်နိုင်ထည့်ပြီး အသုပ်လို စားလို့ရကြောင်း၊ အသုပ်မကြိုက်ရင် ဟင်းရည်ကျဲနဲ့ ရိုးရိုးမုန့်ဟင်းခါးလိုပဲ စားလို့ရကြောင်း၊ အသုပ်စားတဲ့သူတွေအတွက်တော့ မုန့်ဟင်းခါးဟင်းရည်အဆစ်ပေးကြောင်း ရှင်းပြပေးရင်း “တောင်ငူမုန့်ဟင်းခါး မစားရတာကြာလှပြီ်” လို့ ပြောတော့ ကျမ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီတုန်းက ကိုယ်ကလည်း မစားဖူးတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။


လွန်ခဲ့တဲ့ ၂ နှစ်ပေါ့။ မင်္ဂလာဆောင်ပြီး ၆ လကျော်ကြာမှ တောင်ငူကို သွားလည်ပြီး ဆွေပြမျိုးပြ ထွက်ခဲ့ရတယ်။ ဒါတောင် တောင်ငူမှာ ၂ ရက်ပဲ နေလိုက်ရလို့ နေရာအစုံတောင် မရောက်ခဲ့ရဘူး။ မှတ်မှတ်ရရ တောင်ငူကိုရောက်တော့ သူက မနက်အစောကြီး ကျမကို နှိုးပြီး သူ့ညီလေးရယ် သူရယ် ကျမရယ် ဆိုင်ကယ် ၂ စီးနဲ့ တောင်ငူဈေးထဲက မုန့်ဟင်းခါးဆိုင်မှာ မနက်စာသွားစားခဲ့ပါတယ်။ တကယ်ပဲ အဲဒီအန်တီကြီးရဲ့ မုန့်ဟင်းခါးက စားကောင်းလို့ ကျမတို့ တစ်ယောက်ကို ၂ပွဲဆီ စားတာတောင် ပါးစပ်က ထပ်ပြီး စားချင်နေတုန်းပဲ။ တောင်ငူ မုန့်ဟင်းခါးမှာ အရေးကြီးတဲ့ ပစ္စည်းက ဆန်လှော်မှုန့်နဲ့ ငါးက အဓိကပဲလို့ ထင်ပါတယ်။ အဲဒီဆန်လှော်မှုန့်ကို ဘယ်က ၀ယ်သလဲဆိုတာ မုန့်ဟင်းခါးသည် အန်တီကြီးကို မေးကြည့်မိပါတယ်။ သူကပဲ ဈေးထဲမှာ ဆန်လှော်မှုန့်ဝယ်ဖို့ လမ်းညွှန်လိုက်တာမို့ အပြန်မှာ တောင်ငူက ဆန်လှော်မှုန့်တွေ ၀ယ်ပြီးပြန်လာခဲ့ကြသေးတယ်။ တောင်ငူ ဆန်လှော်မှုန့်က ရိုးရိုး မုန့်ဟင်းခါး ချက်စားတဲ့ အမှုန့်နဲ့မတူပါဘူး။ မှုန့်နေအောင် အထပ်ထပ် ကြိတ်ထားပုံရတယ်။ အဲဒါကြောင့် တောင်ငူမုန့်ဟင်းခါး ချက်စားဖို့အတွက်ဆိုရင် တောင်ငူကထွက်တဲ့ ဆန်လှော်မှုန့်က အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပါပဲ။ ရန်ကုန်ပြန်ရောက်တော့လည်း သူ့ညီမလေးက တောင်ငူမုန့်ဟင်းခါး ချက်ကျွေးရင်း ကျမကိုပါ ချက်နည်း သင်ပေးလိုက်ပါတယ်။ အခုထိလည်း တောင်ငူ ဆန်လှော်မှုန့်ကို အမြဲ ဆောင်ထားတာမို့ တခါတလေ ဒီမှာ ပဲတောင့်ရှည်သီး ရတဲ့အချိန်ဆို ထိုင်းဆိုင်က ငါးခူဝယ်ပြီး သူ့အတွက် တောင်ငူမုန့်ဟင်းခါး လုပ်ကျွေးဖြစ်ပါတယ်။


*****


တောင်ငူမုန့်ဟင်းခါး ချက်ဖို့ ပါဝင်တဲ့ပစ္စည်းတွေကတော့ ဆန်လှော်မှုန့်၊ ပဲသီး၊ နံနံပင်၊ ခရမ်းချဉ်သီး၊ ငါးခူ၊ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနီ၊ မုန့်ဟင်းခါးဖတ်၊ ပြီးတော့ မုန့်ဟင်းခါးနဲ့တွဲစားဖို့ အကြော်ပါရင် ပိုစားကောင်းပါတယ်။ ဒီမှာတော့ ပဲကြော်က ၀ယ်မရပါဘူး။ ဒါကြောင့် မုန့်ဟင်းခါးချက်စားဖြစ်ရင် ပဲကြော်နဲ့ မစားရတာ များပါတယ်။ မုန့်ဟင်းခါး ဟင်းရည်ချက်ဖို့အတွက် ပထမဆုံး ငါးခူကို ငံပြာရည် နည်းနည်းထည့်ပြီး ပြုတ်ပါတယ်။ ငါးခူမရလည်း ငါးကျီးပေါ့။ ငါးက လတ်ဆတ်ရင် ဟင်းရည် ပိုချိုပါတယ်။ ငါးပြုတ်ထားတုန်း ကြက်သွန်ဖြူကို ဆီချက် ချက်ထားပါတယ်။ ငါးနူးပြီဆို အသားနွှင်ထားပါတယ်။ တလက်စတည်း ငါးအရိုးတွေကိုပါ ထောင်း၊ ထွက်လာတဲ့အရည်ကို ငါးပြုတ်ရည်ထဲကို အရိုးမပါအောင် ဇကာနဲ့စစ်ပြီး ရောထည့်လိုက်တယ်။ ပြီးမှ အနံ့မွှေးအောင် စပါးလင်အရိုးထောင်းထားတာ ထည့်ပြီး ဆူအောင် တည်ထားလိုက်ပါတယ်။ ငါးဆီသတ်ဖို့အတွက်ကတော့ ဆီဆူရင် ဆနွင်းနည်းနည်းထည့်ပြီးမှ ကြက်သွန်အဖြူ၊ဂျင်း၊ စပါးလင်ထောင်းထားတာနဲ့ ရိုးရိုးမုန့်ဟင်းခါး ချက်သလိုပဲ ဆီသတ်ပါတယ်။ ငရုတ်သီး အရောင်တင်မှုန့် မသုံးပါဘူး။ ဟင်းရည်ဆူပြီဆို ငါးဆီသတ်ထားတာရယ် ကြက်သွန်နီ များများကို ပါးပါးလှီးထည့်ပြီး မီးအေးအေးနဲ့ ဆူအောင် တည်ထားလိုက်တာပေါ့။ ငှက်ပျောအူရှိရင်လည်း ထည့်လို့ရပါတယ်။ ဟင်းရည်ဆူပြီး အပေါ့အငန်လိုသလောက်မြည်းပြီးရင် မုန့်ဟင်းခါး ဟင်းရည်ကျဲ ရပါပြီ။


ဟင်းရည်ပြီးတာနဲ့ ခရမ်းချဉ်သီး၊ ပဲသီး၊ နံနံပင်၊ သံပုရာသီးကို လှီးပြီး ပြင်ထားပါတယ်။ ဆန်လှော်မှုန့်၊ ပဲကြော်၊ ငံပြာရည် စတာတွေကိုလည်း အရံသင့်ပြင် ထားပါတယ်။ အသုပ် ကြိုက်တတ်တဲ့ သူအတွက် မုန့်ဖတ်ရယ်၊ ဆီချက်ချက်ထားတာရယ်၊ ဆန်လှော်မှုန့်ရယ်၊ ငရုတ်သီးအကျက်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီး နဲ့ နောက်ဆုံး နယ်လို့ ကောင်းယုံ မုန့်ဟင်းရည် ထည့်ပြီး နယ်ပေးပါတယ်။ အချဉ်ကြိုက်ရင် သံပုရာရည်ညစ်ထည့်ပေါ့။ အပေါ့အငန် စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ပဲကြော်ထည့်ပြီး စားလို့ရပါပြီ။ အသုပ်မကြိုက်တဲ့ သူတွေကတော့ မုန့်ဟင်းခါးဖတ်၊ ဟင်းရည်ကျဲ များများဆမ်းပြီး ဆန်လှော်မှုန့်၊ နံနံပင်၊ ပဲသီး၊ ခရမ်းချဉ်သီးနဲ့ အချဉ်ညစ်ပြီး စားလို့ရပါတယ်။ ဒါကတော့ တောင်ငူမုန့်ဟင်းခါး ချက်နည်းပါ။ အိမ်မှာ ချက်စားဖြစ်ရင်တော့ ကျမက ၂ မျိုးလုံး ကြိုက်တယ်။ သူကတော့ အသုပ်ကို မုန့်ဟင်းရည်သောက်ပြီး စားတာကို ပိုသဘောကျပါတယ်။


တကယ်လို့သာ တောင်ငူကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် တောင်ငူမုန့်ဟင်းခါးကို စားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ “တောင်ငူမုန့်ဟင်းခါး ဘယ်လိုချက်? ” လို့ မေးထားတဲ့ ညီမလေး ခိုင်ဇာနဲ့ ပြီးခဲ့တဲ့ “မျှော်သာ မျှော်သည်” ပို့စ်မှာ comment ရေးသွားတဲ့ စာဖတ်သူတို့ ဒီပို့စ်လေး ဖတ်ပြီး ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


“တောင်ငူ သူ” ရေးပေးတဲ့ comment ကြောင့် ကျမပို့စ်မှာ လိုနေတာတွေ ထည့်ပြင်လိုက်ပါတယ်။ ဆန်အကျက်မှုန့်ကို တောင်ငူအခေါ်က “ဆန်လှော်မှုန့်” လို့ခေါ်ပြီး တောင်ငူမုန့်ဟင်းခါးက ဟင်းရည်အပျစ်လည်း ရှိသေးတော့ အခုမုန့်ဟင်းခါးကို “ဟင်းရည်ကျဲ”လို့ခေါ်ပါတယ်။ အခုလို ပြင်ပေးတာ ကျေးဇူးပါ “တောင်ငူ သူ”.. :)








သြဂုတ် ၂၄၊ ၂၀၀၈။

39 comments:

Anonymous said...

အား စားချင်လိုက်တာ၊ သားရေတောက်တောက်ကျပြီး ပြန်သွားပါတယ်၊ အမ နု-စံ နဲ့ မုန့်ဟင်းခါး ကြိုက်တာခြင်းတူတယ်၊ ကွန်မန့် မရေးသွားပေမယ့် အမြဲရောက်ပါတယ်နော်၊ အခု တော့ မနေနိုင်လို့ ၀င်ရေးသွားတယ်၊

သတိရလျှက်
လေပြေ

Anonymous said...

အစ်မရေ တောင်ငူမုန့်ဟင်းခါးချက်နည်းကို သေချာမှတ်သွားတယ်။
ချက်စားတော့မယ်။
ညီမလည်း အသုတ်ကို ဟင်းရည်သောက်စားရတာ ပိုကြိုက်တယ်။
ဒါနဲ့ အစ်မက ပန်းကန်(၂) ခုပဲ ပြင်ထားတာလား။ ကျနော်တို့အတွက် မပါသလိုကြီး :P

ThuHninSee said...

တခါမှမစားဖူးဘူး။
စမ်းကြည့်အုံးမယ်။
ကျေးဇူးပဲ အစ်မ..

Anonymous said...

တောင်ငူကိုတော့ ရောက်ဖူးတယ် တောင်ငူမုန့် ဟင်းခါးတော့မစားဖူးဘူး “တို့ ဖူး”သုတ်လား ဟိုပဲဝါကို ကြိတ်ထားတာလေ ပြီးတော့ မုန့် ကျွဲသဲ မွှေသလိုမွှေပြီး ပါးပါးလှီး ပြီးသုတ်စားတာတော်တော်ကောင်းတယ်ဗျ အရမ်းကြိုက် ယောက်ဖကတောင်ငူဇာတိဆိုတော့ သွားလည်တုန်းက သူတို့ အမျိုးတွေ ချက်ကျွေးတာ ကောင်းမှကောင်း စားချင်လိုက်တား) တကယ်ပဲ အခွင့်ရှိရင် အစ်မချက်ကျွေးတဲ့ ဂျပန်ဟင်းဖြစ်ဖြစ် စားစရာတစ်ခုခု ဘာဖြစ်ဖြစ် စားချင်လိုက်တာ လာတိုင်းသွာရည်ကျလွန်းလို့  :P

khaingzm said...

မနုရေ ...
သိပ်မကျေနပ်သေးဝူးနော်.. ပုံပဲကြည့်ရပြီး တကယ်မစားရလို့ .. :D .
..ကျေးဇူးပါအမရေ ..ဒီတပတ်ချက်စားလိုက်ဦးမယ် .. ပြီးရင် လာပြန်ကြွားမယ်နော်..:P

MoeYaNant said...

နုနုရေ...
မုန့်ဟင်းခါးဆို နုနုလိုပဲ အရမ်းကြိုက်တာ။ ဆိုင်မရွေးဘူး အတော်တော်များများ ကြုံသလိုစားတာ။ အမတို့ တမိသားစုလုံး မုန့်ဟင်းခါးဆို ဘယ်ခါမမုန်းပဲ။ တောင်ငူမုန့်ဟင်းခါးက ရန်ကုန်ကဟာနဲ့မတူဘူးကိုး။ စိတ်ပါတဲ့အခါ ချက်စားကြည့်ဦးမယ်။ ခုတော့ ပုံကြည့်ပြီး စားသွားပြီ :)

Anonymous said...

EkpHa&..awmifiludkvGrf;oGm;wmbJ..
awmifilrSm..rkefY[if;cg;tusJvdkYac:ygw,f..tJ'DtrSlefHudlawmYqefavSmfrSlefUvdkYac:ygw,f...
awmifilolqdkawmY...EkpHeJY &yfaqG &yfrsLd;awGNzpfaetkef;r,f..

Anonymous said...

...qefavSmfrSlefYu aygufaygufudktrSlef.vkyfxm;wmyg..

kay said...

နုစံရေ- ကိုယ့်ဘိုးတော် လည်း..တောင်ငူ မုန့်ဟင်းခါးပဲ။ ( အဲ..တောင်ငူသား ပဲ)း)
ပြောပြောနေ တာတော့..ကြားဖူးသား။ ကဲ - ပြောနေ ကြာတယ်..နက်ဖန် ချက်စား တော့မယ်။ ဆန်မှုန့်ကတော့..ရိုးရိုးပဲ ရှိတယ်.. ပဲတောင့်ရှည် လည်း မရ ဘူး။ ဒါဆို...တောင်ငူ မဖြစ်တောင..ဖြူးလောက်..ညောင်လေးပင် လောက်တော့..ရ ပါပြီ နော်။း))

Anonymous said...

အစ်မ၊ လာစားသွားပါတယ်။ အရမ်းဗိုက်ဆာနေပြီကြည့်ရင်းနဲ့

May Moe said...

အမရေ ကျမတို့ သားအဖလဲ မုန့်ဟင်းခါး ဆိုအရမ်းကြိုက် ရန်ကုန်တမြို့ လုံး ပတ်စားနေတာပဲ။ တောင်ငူ မုန့်ဟင်းခါးတော့ မစားဖူးသေးဘူး။ စမ်းချက်ကြည့်အုန်းမယ်။ ကျေးဇူးပါ ။ :D

Taungoo said...

အမနုရေ
တောင်ငူဟင်းရည်ကျဲ ကို ရန်ကုန်သူအမက ဂျပန်ကနေ ချက်ပြပြီး နိုင်ငံတကာကို မိတ်ဆက်ပေးတာ ကျေးဇူးပါဗျာ။ အမ အခုချက်ကျွေးပြတော့ ဟော... စားချင်တဲ့သူတွေ ပေါ်လာပြီ။ အကိုကတော့ အဝစားမှာ သေချာတယ်။ မစားဖူးတဲ့သူတွေတောင် ပုံမြင်ရုံနဲ့ စားချင်လာရင် ကျွန်တော်လို တောင်ငူသား အတွက်တော့ ဆိုဖွယ်မရှိတော့ပါဘူး။ တောင်ငူက ပဲခြမ်းကြော်က ပိုကြွပ်တယ်။ မပျော့လွယ်တော့ ဟင်းရည်ထဲ ထည့်သောက်ရင် ကောင်းတယ်။ နောက် တို့ဟူးကြော်သုတ် ဆိုတာရှိသေးတယ်ဗျ။ တောင်ငူကို တမင်တကာဖြစ်ဖြစ် လမ်းကြုံလို့ပဲ ဖြစ်ဖြစ်ရောက်ခဲ့ရင် တောင်ငူအစားအစာ ကောင်းကောင်းစားလို့ရအောင် လမ်းညွှန်ပေးလိုက်ပါတယ်။

မေတ္တာဖြင့်

khin oo may said...

want to eat

တန်ခူး said...

နုရေ… မြန်မာ အစားအစာထဲမှာ မုန့် ဟင်းခါးကို အကြိုက်ဆုံးဆိုတော့ ဖတ်ပြီးတာနဲ့ ခုတောင် အိမ်ပြန်ပြေးပြီး ချက်စားချင်စိတ် ပေါက်သွားတယ်… တို့ ကလဲ မုန့် ဟင်းခါးဆို လမ်းဘေးက အထမ်းသည်တောင် မြိန်ရေလျက်ရေစားတာ… နုလိုပဲ.. နံနံပင်နဲ့ မှ… တောင်ငူမုန့် ဟင်းခါးက တို့ အမျိုးသားတို့  နယ်က မုန့် ဟင်းခါးနဲ့ အတော်ဆင်တယ်… ညောင်လေးပင်ဘက်ကလေ…နုက ဟင်းချက်ကောင်းတော့ ပုံလေးတွေ မြင်လိုက်တာနဲ့ သွားရေကျစရာ… ဒီအပတ်လုပ်စားဦးမယ်…ကျေးဇူးပါနုရေ…

မြရွက်ဝေ said...

တောင်ငူမုန့်ဟင်းခါး မစားဖူးဘူး။ နောက်မှစမ်းသပ်ကြည့်ဦးမယ်။ ဗိုက်ဆာသွားပြီ ဂြီ... ဂြီ..။ :P
ညီမတို့ဖက်မှာတော့ တပင်တိုင်မုန့်ဟင်းခါး ရှိတယ်။ အိမ်ပြန်တိုင်း နေ့တိုင်းစားတယ်။ သိပ်ကြိုက်။ :)

Anonymous said...

မ.. ရေ..
လေးမ လဲ မုန့် ဟင်းခါးဆို တအားကြိုက် .. ဘယ်ဆိုင်ကဖြစ်ဖြစ်ကြိုက်တယ်
ဗမာနံနံနဲ့ ပဲ စားတတ်တယ်..
တောင်ငူမုန့် ဟင်းခါးတော့ မစားဖူးဘူး..။
လေးမရဲ့ ကောင်းကင်ကြီးက မုန့် ဟင်းခါးသိပ်မစားတော့ အိမ်မှာမချက်ဖြစ်ဘူး..။
လေးမ တစ်ယောက်ထဲ ဆိုင်မှာ ကြိတ်တာများတယ်..။
တောင်ကြီးသားကို လက်ဆက်ထားတော့ ရှမ်းခေါက်ဆွဲပဲ လုပ်နေရတယ်..။

Anonymous said...

အားမယ်ဆိုရင်ပေါ့ တောကျောင်းဆရာဆီမှာ သီချင်းလာယူပါအစ်မရေ

Dr. Yi Yi Win said...

သြော်သြော်..ရောက်တာတောင်နောက်ကျသွားပြီ။ မုန့် ဟင်းခါးလည်းကုန်ရောပေါ့။ နုစံရဲ့
မောင်တော်က တောင်ငူကဆိုတော့ စာတွေပေတွေ ရေးတာဝါသနာပါမယ်ထင်တယ်နော်။
တို့ လည်းမုန့် ဟင်းခါးဆိုကြိုက်မှကြိုက်။ တောင်ငူက ဒူးရင်းသီးလည်းကြိုက်တာပဲ။ တို့ 
အိမ်က လူက ဖြူးမှာ လုပ်ငန်းလုပ်ဖူးတော့ ခဏခဏရောက်ဖူးတယ်..အဲဒီဖက်တွေ။

khin oo may said...

good

လုလု said...

နုစံရေ့ 
မုန့်ဟင်းခါး လာစားသွားတယ်နော့့် မုန့်ဟင်းခါးဆိုရင် အသံကြားတာနဲ့တင် တံတွေးမြိုချနေရတဲ့ဘဝ
လာစားသွားပြီ့ 

တန်ခူး said...

နုရေ… မုန့် ဟင်းခါးနောက်တပွဲလာစားရင်း နှုတ်ဆက်သွားတယ်နော်

သက်ဝေ said...

အင်း.. စားသွားကြတဲ့သူတွေ အတော်တောင် များနေပြီနော်..။ မကျန်လောက်တော့ဘူးထင်ပါ့..။
မအားလွန်းလို့  ဘာမှ မရေးဖြစ်၊ ဘယ်မှ မလည်ဖြစ်တာ ကြာနေပြီ။ ဒီနေ့ တော့ အချိန်လေး နဲနဲရတုံး...

ပဲကြော် ကြော်စားလို့ ရအောင် လွယ်လွယ်ကူကူ နည်းကလေး နဲနဲပြောပြမယ်နော်...။
ကုလားပဲကို တစ်ည ရေစိမ်ထား၊ နောက်နေ့ မနက်မှာ Tempura မှုန့်  (သို့ ) Self Rasing Flour (သို့ ) ယိုးဒယားမယ် အမှုန့် ကို ရေနဲ့ ခပ်ကျဲကျဲလေး ဖျော်..။ အဲဒါလေးနဲ့  ပဲရေစိမ်နဲ့  ရောပြီး ဒယ်အိုးပြားပြားထဲကို ဇွန်းခပ်လတ်လတ်နဲ့  တစ်ဇွန်းချင်း ခပ်ထည့်ရင်း ကြော်ကြည့်ပါလား။ မြန်မာပြည်က ပဲကြော် စစ်စစ်တွေနဲ့  တော့ သိပ်မတူပေမယ့် စားလို့ တော့ ကောင်းပါတယ်..။
သက်ဝေတော့ မုန့် ဟင်းခါးချက်တိုင်း၊ ရခိုင်မုန့် တီ ချက်တိုင်း ကြော်ဖြစ်တယ်။ ဒီမှာတော့ မြန်မာဆိုင်တွေမှာ ပဲကြော် ၀ယ်လို့ ရပါတယ်။ ဒါပေမယ့်လဲ ကိုယ့်ဟာကိုယ် ကြော်ရတာ ပိုအားရလို့ ...

ချစ်ခင်စွာဖြင့်..

သက်ဝေ

တန်ခူး said...

လွမ်းလို့ လာငေးသွားတယ်…

khaingzm said...

အမရေ .. ရန်ကုန်ပြန်မှာမို့ .. ချက်နည်းကို ပရင့်ထုတ်သွားတယ် .. အိမ်ရောက်မှ အမေ့ကိုချက်ပေးဖို့ ပူဆာရမယ် .. ဟီဟီ..

Anonymous said...

အစ်မနုစံ...နေကောင်းလားး မတွေ့ တာကြာလို့  မုန့် ဟင်းခါးလာစားရင် သတင်းလာမေးတာ အဆင်ပြေပါစေ ချစ်ကိုကြီးကော နေကောင်းတယ်ဟုတ် :)

ဆောင်း said...

တောင်ငူမုန့် ဟင်းခါးက ရန်ကုန်ချက်နဲ့ တူတယ်။ ရန်ကုန်ချက်တာက မြေပဲကို ထပ်ထဲ့တာဘဲ ကွာတာ။ ကျမတို့ တော့ အိမ်မှာဘဲ ဆန်ကို လှော်ပြီး စက်ထဲ ထဲ့ကြိတ်လိုက်တာဘဲ။ ကျမတို့ ရန်ကုန်မှာက ခရမ်းချဉ်သီး ပဲသီးတို့ မထဲ့စားဘူး။ ငှက်ပျောအူ၊ နံနံပင် သံပုရာ ငရုတ်သီး၊ အိုးဘဲဥခေါ်တဲ့ ကြက်ဥ၊ ငါးဖယ်ကြော်နဲ့  တခြားအကြော်စုံ၊ နဲ့  အဓိက ကြက်သွန်ဖြူ ဥလေးတွေ ထဲ့စားပါတယ်။ အခု ရေးရင်း နဲ့ စားချင်လာလို့  လွယ်လွယ်ပြီးတဲ့ မြောင်းမြ ဒေါ်ချိုအထုတ်ကို ငါးသေတ္တာငါးလေး ထပ်ထဲ့ပြီး ငါးဆုပ်လုံးလေးနဲ့  ကြက်သွန်ဖြူဖြူ မွှေးမွှေးလေး နဲ့ စားဖို့ သွားချက် လိုက်တော့ မယ်

တန်ခူး said...

နုရေ… tagထားတယ်ဗျို့ …

ThinkingHoney said...

အမရေ
မရောက်တာကြာပြီး)

မုန့်ဟင်းခါးကိုကြည့်ပြီး အားကျစွာ (စားချင်လို့)၊ အားငယ်စွာ (မချက်တတ်လို့)၊ စိတ်လျှော့စွာ (ချက်လဲကောင်းမှာမဟုတ်လို့) ပြန်သွားပါတယ်

တောင်ငူသားကြီး ကံကောင်းလိုက်တာနော်

Anonymous said...

သြော် မေ့လို့  ရန်ကုန်မုန့် ဟင်းခါးမှာ မြေပဲလှော်ကြိတ်ထဲ့တယ် စပါးလင်ကြိတ်ထဲ့ အရိုးထောင်း ပြီး အရိုးလိုက်ထဲ့တာရော ကုလားပဲအမှုန့် ရော ထဲ့ပါတယ်။
ဆောင်း

တန်ခူး said...

ဟင်… ရေးလဲရေးသေးဘူး…

ကလိုစေးထူး said...

မုန့်ဟင်းခါး လာစားသွားတယ် မနုစံ...။

ကိုယ့်ဘလော့ဂ်က ဘယ်ပို့စ်မှာပဲဖြစ်ဖြစ် ကွန်မန့်ရေးသွားရင် သိအောင်လို့ တော်တော်များများကတော့ မေးလ်ကို ရောက်တဲ့နည်းကို သုံးကြတယ်လေ။ (သိပြီးသားတောင် ဖြစ်နေမလား မသိ)

ဘလော့ဂ်ကို လော့အင်လုပ်...။ Setting>> Comments>>> Comments Notification Email မှာ မိမိပို့စေချင်တဲ့ အီးမေးလ်လိပ်စာ တခုခုကို ထည့်လိုက်ရုံပါပဲ။ အဲဒါဆိုရင် ဟိုးးအစ အဟောင်းတွေကို ကွန်မန့်လာရေးလဲ မေးလ်စစ်တဲ့အခါမှာ သိနေမယ်ထင်ပါတယ်။ သိပြီးသားကြီးကို ပြောမိနေရင်တော့ ခွင့်လွှတ်။ :D

ခင်မင်းဇော် said...

တောင်ငူမုန့်ဟင်းခါးတော့ လာကြည့်သွားတယ်။ အမတို့ ပုသိမ်မုန့်ဟင်းခါးလဲ ကောင်းတယ် သိလား။ ဟိ လာကြွားတာ။ ချက်နည်းကလဲ သိပ်မကွာဘူး။ ဆန်လှော်မှုန့် နဲ့ ပဲမှုန့် ၂ မျိုးစလုံးဟင်းရည်ထဲ ထည့်တာပဲ ကွာမယ်။ ပြီးရင် မုန့်ဟင်းခါးထဲ ပဲပြုတ်ထည့်စားတတ်တယ်။ အီကြာကွေး ထည့်စားတတ်ကြတယ်။ နောက် မုန့်ဟင်းခါးဖတ် အပြင် ခေါက်ဆွဲနဲ့လဲ စားတယ်။ ရန်ကုန်ကလို စက်နဲ့ ဖြတ်ထားတာမဟုတ်ပဲ လက်နဲ့ညှပ်တဲ့ ခေါက်ဆွဲဖတ်ပေါ့။
စားလို့ သိပ်ကောင်းပေါ့။
အလုပ်နည်းနည်းပါးလို့ ဘလော့လည်ဖြစ်တာ... တခါတလေ ရောက်ဖြစ်တော့လဲ ကောမန့်ရေးဖို့ အချိန်မရပြန်ဘူး။ ရောက်ဖတ်ပြန် နဲ့လေ။
ခင်မင်စွာဖြင့်...

သက်ဝေ said...

နုစံရေ...
ကိုယ့် ရဲ့  အကြိုက်၊ ဆန္ဒ၊ ခံယူချက်၊ ဖြစ်တည်မှု လေးတွေ ဘယ်မှာလဲ...။ မအားဘူးလားဟင်.. အလုပ်အရမ်းများနေလို့ လား...။
နေလို့ ရောကောင်းရဲ့ လား...။
မတွေ့ တာကြာပြီကွယ်...။
လွမ်းတယ်...။

Moe Cho Thinn said...

ဒီဆိုင်က မုန့်ဟင်းခါး သိပ်ကောင်းတယ်ထင်တယ်။ လူတွေ ကြိတ်ကြိတ်တိုးပါပဲလား။
ညီမလေးရေ..အမဖို့ ကျန်သေးလား။

nu-san said...

လေပြေ>> လေပြေလေး မုန့်ဟင်းခါးကြိုက်တာ တူတယ်ဆိုလို့ ၀မ်းသာတယ်။ အမြဲရောက်ဖြစ်တယ်ဆိုလို့လည်း ကျေးဇူးတင်တယ်နော်.. အဲ.. သွားရည်တွေတော့ သုတ်လိုက်ဦးနော် ညီမလေး.. :D

မဇနိ>> သေသေချာချာမှတ်ပြီး ကိုဇနိကိုချက်ကျွေးလိုက်နော်.. ညီမလေးတို့အတွက် ပြင်ထားတယ်။ သေချာကြည့်မှ မြင်ရတာ.. မယုံရင်အပေါ်ပုံကိုကြည့်ပါလား အများကြီးထည့်ချက်ထားတယ်။ ပြင်ထားတဲ့ပုံက နမူနာပါ မဇနိရ.. :D

သုနှင်းဆီ>> မွန်ရေ.. စမ်းချက်ကြည့်နော်။ ဆန်မှုန့်ကိုတော့ သတိထားမွန်ရေ.. ရိုးရိုးဆန်မှုန့်နဲ့ဆို စားရတာ ကြမ်းတယ်။

မောင်မျိုး>> အေး..ဟုတ်တယ် မောင်မျိုးရေ.. အဲဒါ တိုဖူးသုတ်။ ပြောရင်းနဲ့စားချင်လာပြီ။ မစားရတာ ကြာပြီဟ။ အမကလည်း ချက်ကျွေးချင်ပါတယ်နော်.. ကိုယ့်မောင်လေးတွေကို..။ ခဏခဏ လာကြည့်ရတာ ကျေးဇူးပါ မောင်မျိုးရေ.. အမ နေကောင်းပါတယ်။ အလုပ်များနေလို့ပါ။ ချစ်ကိုကြီးလည်း နေကောင်းပါ့ရှင်.. :)

ခိုင်ဇာ>> ညီမလေး ချက်စားကြည့်နော်။ အမေ့ကို ချက်ခိုင်းမှာဆို စားကောင်းမှာပဲ.. တောင်ငူမုန့်ဟင်းခါးထဲ ထည့်ရင် တခြားဆန်မှုန့်ထည့်ရင် စားရတာ ကြမ်းတယ်။ စားမကောင်းဘူး ညီမလေး တောင်ငူက ဆန်မှုန့်က မုန့်ညက်နေအောင် လုပ်ထားတာဆိုတော့ အမှုန့်နဲ့နယ်လိုက်ရင် ပဲမှုန့်ထည့်လိုက်သလိုပဲ.. စီးစီးလေးဖြစ်နေတာပေါ့။ ရန်ကုန်ပြန်မယ်ဆိုတော့ မုန့်တွေ အများကြီးစားလာခဲ့နော်.. :)

အလင်းညီ>> အမရေ.. အမလည်း မုန့်ဟင်းခါးကြိုက်တာ သိတယ်။ ၀ါဝါရောပဲ။ ရုံးမှာ နေ့လည်ဘက်မုန့်ဟင်းခါး ထွက်ထွက်စားကြတာ သတိရတယ်မရေ.. အဲဒီဆိုင်လေးကို သတိရနေသေးတော့တယ်။ ဘာမှသာ မဟုတ်တယ် စားကောင်းတယ်နော်.အမ။ ငှက်ပျောအူဖတ်များများဆိုရင် ဈေးဆိုင်ကလူတွေ အများကြီးကို ထည့်ပေးတာ.. :)

တောင်ငူသူ>> ကျေးဇူးပါ တောင်ငူသူရေ.. အမလည်း စာထဲမှာပြင်လိုက်ပါပြီနော်။ လာလည်တာလည်းကျေးဇူးပါ။ အင်း အမျိုးသားက တောင်ငူ မင်းကြီးညိုလမ်းမှာနေပါတယ်။ ဟုတ်တယ်နော်.. သိရင် သိနေမှာ.. :)

မကေ>> အမ အမျိုးသားလည်း တောင်ငူကပဲလား။ မ ရေ.. တောင်ငူမုန့်ဟင်ခါးထဲ ထည့်တဲ့ဆန်မှုန့်က ရိုးရိုးဆန်မှုန့်လို မဟုတ်ဘူး မ။ မှုန့်ညက်နေတာပဲ။ ကျနော်လည်း တခါ မွှေးဆန်မှုန့်နဲ့ အစားထိုးပြီး လုပ်စားကြည့်တာ စားရတာ ကြမ်းရှရှနဲ့ စားမကောင်းဘူး အမ။ အဲဒါကြောင့် ဆန်မှုန့်ကိုတော့ တောင်ငူပဲ ပြန်ပြန်မှာရတယ်..

ရှင်မင်း>> ရှင်မင်းရေ.. လာလည်တာ ကျေးဇူးပါ ညီမရေ.. ညီမလေးဆီလည်း ခဏခဏရောက်ပြီး သွားရည်ကျနေကျပါ။ :)

မေမိုး>> ညီမလေးတို့ သားအဖလည်း မုန့်ဟင်းခါးကြိုက်တယ်လား။ အကြိုက်ချင်းတူနေပြီနော်.. :)

ကိုတောင်ငူ>> ဟုတ်ပါ့ ကိုတောင်ငူရေ.. အမလည်း တောင်ငူက မုန့်ဟင်းခါးကို တခါစားဖူးပြီး ကြိုက်သွားတာမို့ ကိုယ့်ဘာသာကိုယ်ချက်စားဖြစ်တာ။ တောင်ငူက ပဲကြော်ဆိုလည်း အရမ်းစားကောင်းတယ်နော်.. အမလည်း တို့ဖူးကြော်သုတ်ဆိုတာ မစားဖူးသေးဘူး။ တောင်ငူကိုပြန်လည်ဖြစ်ရင် သွားစားဦးမယ်.. :)

မခင်ဦးမေ>> မရေ.. တကယ်စားချင်လား.. ပါဆယ်ပို့လိုက်မယ်နော်.. :D

မတန်ခူး>> မတန်ခူးရေ.. မုန့်ဟင်းခါးကြိုက်တာချင်းတူတယ်နော်.. မြန်မာလူမျိုးတွေ တော်တော်များများ မုန့်ဟင်းခါးကြိုက်ကြတယ်.. နေရာပေါ်မူတည်ပြီးသာ ကွဲသွားကြတာနော်.. စားဖူးမိသလောက်က ဧရာဝတီဘက်ကဆို မြောင်းမြ၊ ပုသိမ် မုန့်ဟင်းခါးက ငါးများများ ငရုတ်ကောင်းနိုင်နိုင်လေးလည်း ကြိုက်တယ်.. ရန်ကုန်က အုန်းနို့ထည့်ချက်တဲ့ တင်တင်အေး မုန့်ဟင်းခါးလိုမျိုးလည်း စားနိုင်တယ်.. ရိုးရိုး ငါးဆီသတ်ပြီး ချက်တဲ့ ရန်ကုန်မုန့်ဟင်းခါးလည်း ကြိုက်တယ်.. အခုနောက်တမျိုးက တောင်ငူမုန့်ဟင်းခါးပေါ့.. အခုထိတော့ အဲဒီလောက်ပဲ စားဖူးသေးတယ် မရေ.. ညောင်လေးပင်မုန့်ဟင်းခါးတော့ ကြုံရင် စားကြည့်မယ်နော်.. မရေ.. ခဏခဏ လာလည်လို့ ကျေးဇူးပါ.. :)

မြရွက်ဝေ>> ညီမလေးရေ.. အမတော့ တပင်တိုင်မုန့်ဟင်းခါး မစားဖူးသေးဘူး.. မှတ်ထားရမယ်.. စားရမယ့် စာရင်းတွေကို နောက်ကြုံရင်တော့ စားကြည့်ရမယ်.. :)

လေးမ>> လေးမရဲ့ ရှမ်းခေါက်ဆွဲ လုပ်နည်းလေး ဝေပေးပါဦး .. အမက မုန့်ဟင်းခါးလည်း ကြိုက်တယ်.. အခုနောက်ပိုင်းဆို ရှမ်းခေါက်ဆွဲပါ ကြိုက်လာတယ်.. :P

တောကျောင်းဆရာရေ>> အမ သီချင်းတွေ သွားကြည့်လိုက်သေးတယ်.. download မလုပ်ရသေးဘူး.. နောက်မှ အေးအေးဆေးဆေး နားထောင်ပြီး download လုပ်ယူပါ့မယ်နော်..

မယုဝရီ>> မရေ.. အမလည်း မုန့်ဟင်းခါးကြိုက်တယ်လား။ အိမ်က တောင်ငူသားကတော့ စာရေးတာ ၀ါသနာ ပါပုံမရဘူး မရေ.. အမကမှ ခဏခဏ ရောက်ဖြစ်သေးတယ်၊ ကျနော်ဆိုလေ တောင်ငူကို တခါပဲ အလည်ရောက်ဖူးတယ်.. :D

လုလု>> မလုလာစားသွားတယ်ဆိုလို့ ၀မ်းသာတယ်။ မုန့်ဟင်းခါးကိုတော့ အရမ်းကြိုက်တယ် မလုရေ.. ဘယ်လိုပဲ စားရ စားရ စားချင်တယ်.. မလုရေးထားတဲ့ ရေစိမ်မုန့်ဟင်းခါးလည်း စားချင်တာပဲ.. :)

မသက်ဝေ>> မရေ.. အလုပ်များလို့ မလည်ဖြစ်တာကို နားလည်ပါတယ်။ မသက်ဝေပြောသလို ပဲကြော် ကြော်စားကြည့်လိုက်သေးတယ်။ အမျိုးသားကတော့ စားကောင်းတယ်ပြောတယ်။ အလွယ်လေး ကြော်စားလို့ရလို့ နည်းလေးပေးလို့ ကျေးဇူးပါ အမရေ.. :) နောက်မှ ဓာတ်ပုံရိုက်ပြီး တင်ဦးမယ်... မရေ.. နေကောင်းတယ်။ အလုပ်များလို့။ Blog ရေးတာ ခဏနားထားတာပါ။ :D

ဆောင်း>> ဆောင်းရေ.. လာလည်တာ ကျေးဇူးနော်.. နောင်လည်း အားရင်လာလည်နော်.. ဆောင်းပြောသလိုပဲ တောင်ငူမုန့်ဟင်းခါးက ရန်ကုန်မုန့်ဟင်းခါးနဲ့ ဆင်တယ်။ ဆောင်းပြောထားတာနဲ့တင် မုန့်ဟင်းခါး ချက်စားချင်စိတ်ပေါက်လာတယ်.. ဒီမှာက ငှက်ပျောအူ တို့ ငါးဖယ်တို့ ၀ယ်မရဘူး ညီမလေးရေ.. အမလည်း ဒီမှာ ချက်စားဖြစ်ရင် ရန်ကုန်မုန့်ဟင်းခါးလိုမျိုး ရယ်ဒီမိတ်ထုပ်ကို ငါးသေတ္တာ ဆီသတ်ပြီး ချက်စားဖြစ်တယ်.. အဟိ.. စားချင်လာပြီ။ :)

Honey >> ရပါတယ် ဟန်နီရေ.. တောင်ငူသားကြီး ကံကောင်းတယ်တဲ့လား။ ဟန်နီချက်ရင်လည်း ကောင်းမှာပါ ညီမလေးရဲ့.. စိတ်မပျက်ပါနဲ့။ အားလည်း မငယ်ပါနဲ့။

ကိုကလိုစေးထူး>> အဟီး.. ကိုစေးထူးရေ.. လာလည်တာကျေးဇူး။ Comment ရေးသွားရင် မေးလ်ထဲကို ထည့်ဖို့ Setting ပေးထားရင် ရတာဆိုတာ အရင်ကမသိဘူး။ အခုမှ သိတာ။ အရင်ကတော့ တကယ်ကို စာရေးယုံသက်သက်ပဲဆိုတော့ တခြားဟာတွေ လျှောက်မလုပ်ဖြစ်တာ။ ပျင်းတာလည်းပါတယ်။ ရေးလက်စ Blog လေး ပျက်သွားမှာစိုးတာလည်းပါတော့ ကျနော့ Blog က ဒုံရင်းက ဒုံရင်းဖြစ်နေတာသာကြည့်။ အထင်မကြီးပါနဲ့ အကိုစေးထူးရေ.. တကယ်မသိတာပါ။ :)

မခင်မင်းဇော်>> မရဲ့ ပုသိမ်မုန့်ဟင်းခါး ချက်လည်း စားချင်လိုက်တာ။ တနေရာနဲ့ တနေရာ မုန့်ဟင်းခါးကို ပုံစံမျိုးစုံစားကြတယ်နော်။ အခုလို တောင်ငူမုန့်ဟင်းခါး ရေးလိုက်တော့မှ တခြားမုန့်ဟင်းခါး ချက်နည်း တွေ အတူတွဲစားတတ်တဲ့အစာလေးတွေ သိလိုက်ရတယ်။ မအားလို့ Comment မရေးတာ ကိစ္စမရှိပါဘူး အမရယ်။ လာလည်တယ်ဆိုရင်ပဲ ၀မ်းသာလှပါပြီ။ အမတို့ လာလည်တာ တကယ်ကို စာရေးရတာ အားရှိပါတယ်။ :)

မမိုးချိုသင်း>> အမစားမယ်ဆို ကျန်ပါသေးတယ် မရ။ အမ ဘယ်လိုစားမလဲ။ ပဲကြော်တော့ မရှိဘူး။ ငရုတ်သီးမှုန့်ထည့်မလား။ အခုသုပ်လိုက်မယ်နော်.. :D
အမတို့ မမခင်မင်းဇော်တို့ ကျနော့် Blog ကို လာလည်တာ အရမ်းဝမ်းသာတာပဲ။ တကူးတက လာလည်တဲ့ အမတွေကို ကျေးဇူးပါနော်။

Anonymous said...

တောင်ငူသားက မုန့်ဟင်းခါးပဲ ကြွားတာလား။ တောင်ငူ ထန်းရည်ကောင်းကြောင်းကော မကြွားဘူး လား။

Anonymous said...

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က တောင်ငူကိုရောက်တော့ တောင်ငူမုန့် ဟင်းခါး စားဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ကြွတ်ကျြွှတ်အိပ်တွေ ခေတ်မစားသေးတော့ ဘာဝယ်ဝယ် ဖက်တွေနဲ့ ထုတ်ပေးကြပါတယ်။ အများစုကတော့ အင်ဖက်တွေလို့ တင်တယ်။
မှတ်မိသလောက် ပြောရရင် တောင်ငူမုန့်ဟင်းခါးဆိုတာ မုန်းဟင်းခါးအသုတ်ပါပဲ။ နောက်ထူးခြားတာက အဲဒီဆိုင် တောင်ငူမုန့် ဟင်းခါးအသုတ်ကို "လုံး" ပေးပါတယ်။

Anonymous said...

တောင်ငူသား ဖြစ်ပြီးတောင်ငူ မုန့်ဟင်းခါး မစားဖူးတာ ညံ့လိုက်တာနော် ငါ့နဲ့လည်း သွားစားဦးမယ်

Unknown said...

အစ်မရေ... ကျေးဇူးပါပဲဗျာ... ပုံလေးတွေကြိုက်လို့ ယူသွားလိုက်မယ်နော်အစ်မ. ကျွန်တော်တို့ face book မှာ သုံးချင်လို့ပါ. ခွင့်ပြုမယ်လို့ ထင်ပါတယ်. ကျေးဇူးတင်ပါတယ်ခင်ဗျာ.